Showing posts with label ပြန်လည် တင်ပြချင်း. Show all posts
Showing posts with label ပြန်လည် တင်ပြချင်း. Show all posts

Friday, November 9, 2007

ကျားရဲ

နေပြင်းလျှင်း နှင်းမှုန်လျှင်း

ဆွေ့ ဆွေ့ ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန်း ချမ်းလိုချမ်း


အခန်းကျဉ်းကျဉ်း

အလင်းမ၀င် လေမ၀င်

နေမမြင် လမမြင်

လူမမြင် သူမမြင်မှာ

ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး

အိပ်လျှင်အိပ် မအိပ်လျှင်တွေး


သတင်းမေးဖို့ ဝေးရော

သီချင်းကလေးမှ မဆိုရ။


စာဖတ်ဖို့ ဝေးရော

ကဗျာလေးမှ မစပ်ရ။


တရားဟောဖို့ ဝေးရော

စကားလေးမှ မပြောရ။


အဟောသိက သံသရာ

ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး ပတ်လျှောက်လိုက်

သံတခါးဝ ရပ်လိုက်

တမတ်တတ်တတ် တနေကုန်


မနေ့ ကလည်း တနေကုန်

ဒီနေ့ လည်း တနေကုန်ပြန်

နက်ဖြန်လည်း ကုန်ဦးမယ်။


ကုန် ကုန် ကုန်

ကုန်ချင်သလောက် ကုန်စမ်း

တရက်ကုန်မလား တသက်ကုန်မလား

တလကုန်မလား တဘ၀ကုန်မလား

တနှစ်ကုန်မလား တခေတ်ကုန်မလား

အားမလျှော့ဘူး မပျော့ဘူး

ပေဖြစ်တော့ခံမယ် တူဖြစ်တော့ နှံမယ်


အမှန်တရား တို့ ဘက်မှာ ရှိတယ်

ပြည်သူအများ တို့ ဘက်မှာ ရှိတယ်

ကာလယန္တရား တို့ ဘက်မှာ ရှိတယ်

ရှင်တော်ဘုရား တို့ ဘက်မှာ ရှိတယ်

သိကြရဲ့ လား ဟားဟားဟားဟား




တိရိစ္ဆာန်ရုံက ကျားလို

လှောင်အိမ်ထဲမှာ တလွန့် လွန့် နဲ့ 

ကျားညွှန့် တုံးတွေ ထင်းနေသလား

မှားလိုက်တဲ့ အမြင်

ဟားတိုက်လို့  ရယ်ချင်စရာ


မှတ်ထားဟေ့

အ၀ါပေါ်မှာ အနက်စင်း

မပျက်မယွင်း ကွက်ကွက်ကွင်းး

အရှင်းသား မလွဲသရွေ့ 

အထင်းသား စွဲသရွေ့ 

ကျားရဲ ဟာ ကျားရဲ


ငါလဲ အဲဒီလိုဘဲကွ ဟေ့။



ဦးဝင်းတင် (ဟံသာ၀၀တီ) ၁၉၉၀ ခုနှစ်တွင် အကျဉ်းထောင်တွင်းမှ ရေးစပ်ထားသည် ကဗျာတပါ။