Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, December 13, 2008

ခရစ်စမတ်တောင် ရောက်တော့မယ် ဖေဖေ

ဖေဖေ

ခရစ်စမတ်တောင် ရောက်တော့မယ်

ထင်ရူးပင်တွေထိပ်က

အိမ်ခေါင်မိုးတွေထိပ်က

အရာရာ မြင်သမျှတွေက နှင်းတွေ အတိနဲ့ ပေါ့

စန်တာကလော့အရုပ်ကြီးကလည်း လှမှလှ


ဖေဖေ

ကျန်မာရေးရော ကောင်းရဲ့ လား

တနှစ်ပြီးတနှစ်နဲ့ 

နှင်းတွေတောင်မှ ကိုးနှစ် ကြပြီးသွားပြီ

စန်တာကလော့ကတောင် မေးနေသေးတယ်

သားတို့ အိမ်က ခရစ်စမတ်သစ်ပင်ထိပ်က

ကြယ်အကြီးကြီးကို မတတ်သေးဘူးလားတဲ့


ဖေဖေ

မေမေကပြောတယ်

တိုင်းပြည်ကို ချစ်မိမှတော့တဲ့

ဟုတ်ပါတယ်လေ------------
တိုင်းပြည်ကို ချစ်ခဲ့မိတာကို


ဖေဖေ

ဒီတနှစ်တော့

စန်တာကလော့ဆီမှာ

သား-----------

ခရစ်စမတ်လက်ဆောင်တောင်းထားတယ်

ကြယ်အကြီးကြီးကို တတ်ရအောင်လို့ လေ

Tuesday, November 11, 2008

ကန္ဒရ၀တီလွမ်းချင်း

ဒီအချိန်ဆိုရင်
တောင်ယာတွေ မီးရှို့ နေကြရောပေါ့
လွမ်းတယ် ကန္ဒရ၀တီရယ်
ဘီလူးချောင်းက ရေစီးသံကို -------လွမ်းတယ်
ချစ်သူတွေ မသွားရဲ တဲ့ တောင်ကွဲစေတီကိုလည်း---------လွမ်းတယ်
ဟို တောင်မြင့်မြင့်တွေပေါ်က လွမ်းစေတီတွေကိုလည်း --------- လွမ်းတယ်
ငါးရက်တစ်ဈေးက ခေါင်ရည်တန်းကိုလည်း----------လွမ်းတယ်
ငါအလွမ်းဆုံးက ဒီးကူပွဲတော်ကြီးကိုပေါ့


မြင်ရောင်မိသေးတယ်
ပဒေါင်မ လည်ပင်းရှည်တစ်ယောက်
ကလေးကို ကျောမှာတွဲ
ခေါင်ရည်အိခုးကို လက်မှာဆွဲကာ
ပြောင်းစိုက်ထွက်နေတဲ့ဟန်ကိုလေ


လွမ်းတယ် ကန္ဒရ၀တီ
ခေါင်ရည်နံ့ သင်းပျံ့ နေတဲ့ တောင်ယာတဲထဲမှာ
ဖွတ် ပုတက်နဲ့ ယုန်မကျံ ကင်စားတဲ့ ဘ၀ကိုလေ
တခါတခါ
တူမီးတလက်နဲ့ အမဲလိုက်တေးတွေ ဆိုခဲ့တာကိုလေ



လွမ်းတယ် ကန္ဒရ၀တီ
တောင်ပတ်လည်း ၀ိုင်း
နှင်းမြူတွေ ဆိုင်းနေတဲ့ကြားက
မယဉ်မရိုင်းနဲ့ 
ကရင်နီ တိုင်းရင်းသူလေးတွေရဲ့  အလှကိုလေ

Wednesday, April 23, 2008

အမေ့အတွက်

အမေကပြောတယ်

သားရေ

အမေရိကားမှာနေတာ

အလုပ်တွေပဲ လုပ်မနေနဲ့

ဘုရားတရားလေးလဲ လုပ်ဦးတဲ့


ဟုတ်ကဲ့ပါအမေ

မနက်မိုးသောက် အလင်းမရောက်ခင်းကတည်းက

သြကာသ သြကာသ စလို့ 

သရဏဂုံအလည်

ရှေ့ နောက်တောင်မြောက်

ထက်အောက်မကျန်

ကြီးလတ်မရွေး မေတ္တာပို့ ပြီး

ဟော့ဒီလို ဆုတောင်းနေရတယ် အမေ

---------------- ကင်းဝေးပါစေ

---------------- ကင်းဝေးပါစေ

---------------- ကင်းဝေးပါစေ

---------------- ကင်းဝေးပါစေ

---------------- ကင်းဝေးပါစေ

ကင်းဝေးခြင်းမျိုးစုံအတွက် ဆုတောင်းတာနဲ့ 

အဖေနဲ့ အမေ ကျန်းမာပါစေလို့  ဆုတောင်းဖို့ တောင်

မေ့နေခဲ့မိတယ် အမေ


ကျန်သေးတယ်အမေ

သံဗ္ဓုဒ္ဓေရွတ်ရင် အန္တရာယ်ကင်းတယ်ဆိုလို့

၉ - ၁၁ ပြီးကတည်းက

ရထားစီလည်း သံဗ္ဓုဒ္ဓေ

ကားစီးလည်း သံဗ္ဓုဒ္ဓေ

လမ်းလျှောက်လည်း သံဗ္ဓုဒ္ဓေ

နောက်ဆုံးကုန်ကုန်

ရုပ်ရှင်ကြည့်လည် သံဗ္ဓုဒ္ဓေ

သဗ္ဓုဒေ သံဗ္ဓုဒ္ဓေ

သံဗ္ဓုဒ္ဓေဂါထာကို ရွတ်ရလွန်းလို့ 

လူလည်း ဘိုးဘိုးအောင်ဖြစ်တော့မယ်အမေ


Saturday, March 1, 2008

အထီးကျန်အတွေး

နယူယောက်မြို့ ရဲ့ ညနေခင်းတိုင်းဟာ

ရေမရှိတဲ့ ခွက်လိုပဲ

ငါ့အတွက်တော့

အထီးကျန် ဆန်လွန်းပါတယ်ကွာ။


ချစ်သူရေ

မီးရောင်စုံတွေ ထွန်းထားတဲ့

ဟော့ဒီမြို့ ကြီးထဲမှာ

ငါ့ဦးနှောက်ကို --------ငါ

မီးထွန်းဖို့ မေ့နေခဲ့တယ်

ငါ့မနက်ဖြန်တိုင်းကိုလည်း

မျှော်လင့်ဖို့ မေ့နေခဲ့တယ်။


အို ----- ဘုရားသခင်

သင်၏ ကြင်နာတတ်သေား နှလုံးသားဖြင့်

ကိုယ့်နံရိုးကို ကိုယ်ပြန်တမ်းတနေတဲ့ဘ၀က

ကျွ န်ုပ်အား

လွတ်မြောက်ခွင့်ပေးလှည့်ပါ။

Monday, February 11, 2008

ဝိုင်းစိန်သို့ 


ရိုးမကို မဖြတ်ဖူးဘူး

မာနယ်ပလောကို မဖြတ်ဖူးဘူး

ရေကြည်အိုင်ကို မဖြတ်ဖူးဘူး

ဒါပေမယ့်

မဲ့ဆောက်ကို ဖြတ်ခဲ့တယ်

ဒုက္ခသည်စခန်းကို ဖြတ်ခဲ့တယ်။



တော်လှန်ရေး - --- ---- ---

နိုင်ငံရေး - - - - -

ဒီမိုကရေစီရရှိရေးတဲ့ --------

အခုတော့

ကွန်ကရစ် မြို့ တော်ကြီးရဲ့ 

ရေမွှေးနံ့ တွေကြား

လူလုပ်တဲ့ အလင်းရောင်တွေ အောက်မှာ

ငါ့အိမ်မက်မြစ်ကို ဖြတ်ကူးနေဆဲ။


ဝိုင်းစိန်ရေ

နင်နဲ့ငါ လမ်းခွဲခဲ့တဲ့

ရွာအ၀င်အပြန်လမ်းမှာ

နင် - - - စောင့်နေတာ

သပြေပန်းတောင်

ညှိုးနေလောက်ပေါ့ ။

Sunday, February 3, 2008

တိတ်တခိုး


ဘာဖြစ်လို့ များ

လမင်းကြီးက ဒီညမှ သာနေတာလဲ

ကမ္ဘာမြေပေါ်မှာ

လူတယောက်

အလွမ်းသီချင်းတွေ သီဆိုနေတာ

မင်းမသိဘူးလား ။ ။


တိတ်တခိုး ချစ်ရတဲ့သူရေ

အချစ်ဆိုတာကို

စီးချင်းထိုးပြီးမှ ရမယ်ဆိုရင်

ငါ့အတွက်တော့

သူရဲကောင်းတယောက်လောက်

လိုအပ်တာအမှန်ပါ။ ။


ငယ်ငယ်ကတည်းက

ရာမမင်းသားကို မုန်းခဲ့ပေမယ့်

ဂီရိတော့ မဖြစ်ချင်တာ အမှန်ပါ။ ။


ဘယ်သူမှ မတားကြပေမယ့်

ချစ်တယ်ဆိုတဲ့ စကားကို

ပြောမထွက်ခဲ့ဘူး

ဒီလိုနဲ့ 

တိတ်တခိုး အကြည့်နဲ့

ကျေနပ်ခဲ့ရတဲ့ ရက်တွေလည်း

များခဲ့ပါပြီလေ။ ။


ချစ်တယ်လမင်းရယ်

ငါ့အိမ်မက်တွေတိုင်းကို

ငါ့ မနက်ဖြန်တွေတိုင်းကို

စိုးမိုးထားနေလိုက်တာများ

ငါ့ကိုယ်ငါတောင် မပိုင်တော့သလိုပဲ။ ။


အစွဲအလမ်း ကြီးသူအတွက်

ရင်မောစရာတွေက

များလွန်းပါတယ်ကွာ။ ။

Tuesday, January 15, 2008

တောင်းတမှု

ကမ္ဘာကြီးရယ်

ငါတို့ ကိုလေ

လူလူချင်း စာနာတတ်တဲ့ လောကကြီးမှာ

တရက်လောက် လူဖြစ်ခွင့်ပေးပါ

ပြည်တွင်စစ်ကနှိပ်စက်

HIV / AIDS က နှိပ်စက်

ဆင်ရဲ မွဲတေမှုက နှိပ်စက်

နှိပ်စက်ချင်တိုင်း နှိပ်စက်ခံနေရတဲ့ဘ၀မှာ

ကိုယ့်ကိုကို မနှိပ်စက်မိအောင်

ထိမ်းသိမ်းနေရတယ်။


ကမ္ဘာကြီးရယ်

ငါတို့ ကိုလေ

လမင်းထိန်ထိန်သာပြီး ကြယ်တွေစုံတဲ့ညမှာ

တညလောက် အိပ်စက်ခွင့်ပေးပါ

နူကလီယားနဲ့ အကြမ်းဖက်မှုတွေ

ဂလိုဘယ်ဝမ်းမင်း ကြောင့် ကပ်ဒုက္ခတွေ

သဘာဝဘေးတွေက နှိပ်စက်နဲ့

နှိပ်စက်ချင်တိုင်း နှိပ်စက်ခံနေရတဲ့ ဘ၀မှာ

ကိုယ့်ကိုယ်ကို မနှိပ်စက်မိအောင်

ထိမ်းသိမ်းနေရတယ်။


ကမ္ဘာကြီးရယ်

ငါတို့ ထံပါး

တရက်လောက်များ

ငြိမ်းချမ်းရေ ချိုးငှက် စပါးနှံတခက်နဲ့ 

လွှတ်ပေးပါလား

ငါတို့  ဒါဏ်ရာတွေကို ထမ်းပိုးမထားချင်တော့ဘူး